မင်းအောင်လှိုင် နိုင်ငံရေးထွက်ပေါက် ရှာနေပြီ။
မြန်မာက မင်းအောင်လှိုင် နိုင်ငံရေးထွက်ပေါက်ဖြစ်နိုင်ချေအတွက် အုတ်မြစ်ချနေသည်။
အကျဉ်းချုပ်
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခင် စစ်ခေါင်းဆောင် သန်းရွှေ၏ ဆက်ခံရေးမဟာဗျူဟာစဉ်းစားချက်ကဲ့သို့ စစ်တပ်ထိပ်ပိုင်းရာထူးများကို အပြောင်းအလဲ လုပ်ခဲ့သည်။ ငယ်ရွယ်သော စစ်ဗိုလ်ချုပ်များကို ရာထူးတိုးမြှင့်ပေးပြီး အသက်ကြီးသော စစ်ဗိုလ်ချုပ်များကို ဘေးဖယ်ထားခြင်းဖြင့် မင်းအောင်လှိုင်သည် ၄င်းလိုလားသည့် ဆက်ခံသူကို နေရာချထားရန် ကြိုးပမ်းနေပုံရသည်။ သန်းရွှေနှင့်မတူဘဲ၊ မင်းအောင်လှိုင်သည် သမိုင်းမှာ မကြုံဖူးသည့် စစ်ရေးရှုံးနိမ့်မှုများ၊ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိတိုက်ပွဲများ ဖြစ်နေခြင်းနှင့် အင်အားကြီးမားလာသော ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသောကြောင့် ၎င်းရည်ရွယ်သလို ချောမွေ့သော အသွင်းကူးပြောင်းမှုကို အုပ်စီးနိုင်စွမ်းတွင် အကန့်အသတ်များ ရှိနေသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်နှင့် အစိုးရအဖွဲ့အတွင်း သိသာထင်ရှားသော အပြောင်းအလဲများကို လုပ်ခဲ့သည်။ ဤအပြောင်းအလဲသည် မြန်မာ့စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၏ ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့သော နိုင်ငံရေးထွက်ခွာမှုမတိုင်ခင်က လုပ်ခဲ့သော အပြောင်းအလဲများနှင့် ဆင်တူသည်။ ထိုအပြောင်းအလဲများသည် မင်းအောင်လှိုင်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေကဲ့သို့ နိုင်ငံရေးက ထွက်ခွာရန် ပြင်နေသလားဆိုသည့် မေးခွန်းကို ဖြစ်စေသည်။
ငယ်ရွယ်သော စစ်ဗိုလ်ချုပ်များကို စစ်တပ်၏ ထိပ်ပိုင်းရာထူးများကို တိုးမြှင့်ခန့်အပ်ခြင်းနှင့် စီနီယာကျသော စစ်ဗိုလ်ချုပ်များကို အာဏာသိမ်းစစ်ကောင်စီ ဝန်ကြီးအဖွဲ့ကို ပြောင်းလဲခန့်အပ်ခြင်းများသည် သန်းရွှေ၏ ဆက်ခံရေးဗျူဟာကို ထင်ဟပ်စေသည်။ သို့သော် မကြုံစဖူးသော စစ်ရေးရှုံးနိမ့်မှုများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၏ အင်အားကြီးထွားလာမှုသည် မင်းအောင်လှိုင်အနေဖြင့် သူလိုချင်သည့်အတိုင်း အုပ်စီးထားသည့် အပြောင်းအလဲတခုကို ချုပ်ကိုင်နိုင်ရန် ဖြစ်နိုင်ချေ အင်မတန် နည်းသွားစေသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် နိုင်ငံရေးက မထွက်ခွာခင် ငယ်ရွယ်သော ဗိုလ်ချုပ် နှစ်ဦးကို ၎င်းနှင့် ၎င်း၏ ဒုတိယလူကို ဆက်ခံရန် စနစ်တကျ ရွေးချယ်ခဲ့သည်။ ၎င်းသည် စစ်ရေးအတွေ့အကြုံမရှိဘဲ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအတွေ့အကြုံသာရှိသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို စစ်တပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ်နှင့် ရက်စက်ကြမ်းကြုပ်ပြီး သဘောထားတင်းမာသည့် ဗိုလ်ချုပ်စိုးဝင်းကို ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။
အဆိုပါ အပြောင်းအလဲ မတိုင်မီ သန်းရွှေသည် အာဏာကြီးသည့် စစ်တိုင်းမှူးများကို ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးရာထူးများသို့ ပြောင်းလဲတာဝန်ပေးခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ၎င်းတို့ကို အနားပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင်လည်း ၎င်း၏ ပြိုင်ဘက်တစ်ဦးဖြစ်သည့် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထောင်ချခဲ့သည်။ စစ်တပ်အတွင်း ၄င်း၏ ထိန်းချုပ်မှုကို ခိုင်မာအောင်လုပ်ပြီးနောက် သန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မိတ်ဆက်ခဲ့ကာ ၄င်းအုပ်စီးထားသည့် အသွင်ကူးပြောင်းရေးကို အုတ်မြစ်ချခဲ့သည်။
အာဏာသိမ်းမှု ငါးနှစ်အကြာတွင် မင်းအောင်လှိုင်သည် အဆိုပါ အပြောင်းအလဲနှင့် ဆင်တူသောဗျူဟာတစ်ခုကို လိုက်လုပ်နေပုံရသည်။ ၎င်းသည် ၎င်းထက် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ခု ငယ်သော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)အဖြစ် ရာထူးတိုးမြှင့်ခဲ့သည်။ ဤရာထူးသည် စစ်တပ်အတွင်း တတိယအမြင့်ဆုံးရာထူးဖြစ်သည်။ သန်းရွှေ ခန့်အပ်စဉ်က မင်းအောင်လှိုင်ကဲ့သို့ပင် ကျော်စွာလင်းသည် သိသာထင်ရှားသော စစ်ရေးအတွေ့အကြုံမရှိသော်လည်း စစ်ရုံးအတွင်း အရေးပါသော အုပ်ချုပ်ရေးရာထူးများကို ရယူခဲ့သူဖြစ်သည်။ စစ်ခေါင်းဆောင်နှစ်ဦးစလုံးသည် စစ်ရေးအတွေ့အကြုံထက် စစ်ရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် အကျွမ်းတဝင်ရှိမှုကို ပိုအလေးပုံရသည်။
အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးကိုလည်း ၂၀၂၄ခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ် နှစ်ခုကို သိမ်းယူခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးရာတွင် ဦးဆောင်ညှိနှိုင်းဆွေးနွှေးသူဖြစ် လုပ်ပိုင်ခွင့် တိုးပေးခဲ့သည်။ မင်းအောင်လှိုင်သည် အနောက်မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး သန်းထိုက်ကို စစ်ဦးစီးအရာရှိချုပ် (ကြည်း)အဖြစ် ခန့်အပ်ခဲ့သည်။ ကိုကိုဦးနှင့် သန်းထိုက်တို့ နှစ်ဦးစလုံးသည် ၂၀၂၄ ခုနှစ်၊အောက်တိုဘာတွင် အရပ်သားများကို ကိုယ်လက်ဖြတ်တောက် သတ်ဖြတ်ခဲ့သည့် စစ်ကိုင်းတိုင်းရှိ ရက်စက်ဖွယ် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများ ဖြစ်ကြသည်။
မင်းအောင်လှိုင်၏ အပြောင်းအလဲသည် ကျော်စွာလင်းကို ၎င်း၏ဆက်ခံသူအဖြစ် ပြင်ဆင်နေကြောင်း ညွှန်ပြသည်။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး သို့မဟုတ် ဗိုလ်ချုပ် သန်းထိုက်တို့အနက် တစ်ဦးဦးကို တပ်၏ ဒုတိယနှင့် တတိယ အကြီးဆုံးရာထူးများဖြစ်သည့် ဒုတပ်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်ကွပ်ကဲရေးမှူးများအဖြစ် ရာထူးတိုးမြှင့်ပေးနိုင်ဖွယ်ရှိသည်။ ဤသည်မှာ သန်းရွှေ၏ ဆက်ခံရေးဗျူဟာကို ထင်ဟပ်စေပြီး မင်းအောင်လှိုင်သည် ၎င်း၏နိုင်ငံရေးထွက်ခွာမှုအတွက် အခြေခံအုတ်မြစ်ချနေသည်ဟူသော ထင်ကြေးများကို ပိုမိုခိုင်မာစေသည်။
မင်းအောင်လှိုင်သည် အထက်က ၄င်း၏ ဦးစားပေးရွေးချယ်မှုများကို စိန်ခေါ်နိုင်သည့် အကြီးတန်းစစ်အရာရှိများကို အုပ်ချုပ်ရေးရာထူးများသို့ ပြန်လည်တာဝန်ပေးအပ်ခြင်းသည် ၄င်းရွေးချယ်ထားသော ထိပ်ပိုင်းရာထူးများအတွက် လမ်းရှင်းပေးနေကြောင်း ထပ်မံညွှန်ပြသည်။ သန်းရွှေ၏ ၁၉၉၀ ခုနှစ်များကဲ့သို့ပင် ၎င်းသည် ဗိုလ်ချုပ်များစွာကို စစ်ဘက်ရာထူးများမှ ဖယ်ရှားခဲ့ပြီး ၎င်းတို့ကို သြဇာအာဏာနည်းပါးသော ဝန်ကြီးရာထူးများသို့ တွန်းပို့ခဲ့သည်။ ဤဖယ်ရှားခံရသော အရာရှိများသည် စစ်ဘက်ဆိုင်ရာ အခမ်းအနားများကို တက်ရောက်မှု ရှားပါးပြီး စစ်ဝတ်စုံဖြင့် လူမြင်ကွင်းတွင် မတွေ့ရသလောက် ဖြစ်လာသည်။ ထိုအချက်သည် ၎င်းတို့၏ စစ်ရေးဆိုင်ရာ အခန်းကဏ္ဍ လျော့နည်းသွားကြောင်း ပြနေသည်။ ထိုအရာရှိများ၏ စစ်ဘက်နှင့် အဆက်အသွယ်ပြတ်မှုသည် မင်းအောင်လှိုင်အတွက် ဂျူနီယာပိုကျသော ဗိုလ်ချုပ်တဦးကို တပ်ကာကွယ်ရေးဦးစီးချုပ် ခန့်ရန် လမ်းပွင့်သွားစေသည်။
မင်းအောင်လှိုင်သည် အာဏာသိမ်းမှုအပြီး သြဇာအာဏာ သိသိသာသာ တိုးမြှင့်လာခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို ထောင်ချခဲ့သည်။ ၎င်းသည် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို မျက်နှာသာပေးထားသော်လည်း ထောက်လှမ်းရေးစစ်ဗိုလ်ချုပ်များသည် တပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် အစဉ်အလာ မရှိခဲ့ပါ။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်အောက်တွင် စစ်ထောက်လှမ်းရေး၏ ကြီးမားလာသော အာဏာသည် ခင်ညွန့်ခေတ်က တပ်တွင်းအာဏာအားပြိုင်မှုများကဲ့သို့ ရှေ့တန်းတိုက်ခိုက်ရေးတပ်မှူးများနှင့် တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်သည်။
သန်းရွှေသည် ၂၀၀၇ ခုနှစ်တွင် ရက်စက်စွာ နှိမ်နှင်းခံရပြီး နှစ်လခန့်သာ ကြာမြင့်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးကလွဲ၍ ၁၉၈၈ ဆန္ဒပြမှုများနောက်ပိုင်း အဓိကပြည်သူ့လူထုအုံကြွမှုများ မရှိခဲ့သည့်အတွက် အသွင်ကူးပြောင်းမှုကို သူလိုချင်သည့်အတိုင်း လွှမ်းမိုးနိုင်ခဲ့သည်။ ၎င်း၏ စစ်အစိုးရသည် နယ်စပ်ဒေသများတွင် ‘အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်’ ဗျူဟာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို ရရှိခဲ့ပြီး အတိုက်အခံအင်အားကို လျော့နည်းစေသည်။
စစ်ဆင်ရေး ၁၀၂၇ အပြီး မကြုံစဖူးသော စစ်ရေးရှုံးနိမ့်မှုများနှင့် ပြည်သူ့အုံကြွမှုများ၏ ကြီးထွားလာမှုသည် မင်းအောင်လှိုင်အတွက် သူလိုချင်သည့်အတိုင်း အသွင်ကူးပြောင်းရေးအပေါ် လွှမ်းမိုးနိုင်စွမ်းကို ထိခိုက်စေသည်။ အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင် မြို့နယ် ၃၃၀ အနက် ၁၄၅ မြို့နယ်တွင်သာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့သည့်အတွက် နိုင်ငံ၏ ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ညွှန်ပြသည်။ စစ်တပ်၏ ညီနောင်သုံးဖွဲ့နှင့် ဆက်လက်ညှိနှိုင်းမှုများသည် အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ မရရှိသေးခြင်း၏ သာဓကဖြစ်သည်။ မင်းအောင်လှိုင်သည် သူတစ်ဦးတည်းဖြင့် အသွင်ကူးပြောင်းရေးကို အုပ်စီးနိုင်စွမ်း မရှိတော့ဘဲ မည်သည့်အကူးအပြောင်းအစီအစဉ်မဆို ခုခံတွန်းလှန်ရေးအင်အားစုများ၏ လက်ခံနိုင်သည့် အသွင်ကူးပြောင်းရေးအစီအမံ ဖြစ်ရမည် ဖြစ်သည်။
မင်းအောင်လှိုင်သည် သူနှင့် သဘောထားချင်းတိုက်ဆိုင်သည့် ငယ်ရွယ်သောဗိုလ်ချုပ်များကို ရာထူးတိုးမြှင့်ပေးခြင်း၊ အကြီးတန်းဗိုလ်ချုပ်များကို ဘေးဖယ်ထားခြင်းနှင့် ဖြစ်နိုင်ခြေရှိသော ပြိုင်ဘက်များကို ဖယ်ရှားခြင်းတို့ဖြင့် ၄င်း၏ နိုင်ငံရေးက ထွက်ခွာမှုအတွက် အုတ်မြစ်ချနေပုံရသည်။ ၎င်းသည် သန်းရွှေ၏ ခြေရာကိုနင်းပြီး သူလိုချင်သည့်အတိုင်း အုပ်စီးထားသည့် အသွင်ကူးပြောင်းရန် စီစဉ်နေပုံရသော်လည်း စစ်မြေပြင်တွင် ရှုံးနိမ့်မှုများ၊ ပြည်သူ့ခုခံတွန်းလှန်မှု၏ ကျယ်ပြန့်လာမှုနှင့် အာဏာသိမ်းစစ်တပ်၏ ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာမှုတို့ကြောင့် ၄င်း၏ လိုလားချက်အတိုင်း ၎င်းသည် နိုင်ငံရေးက ထွက်ခွာရန် မဖြစ်နိုင်တော့ပေ။
၂၀၂၅ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် East Asia Forumတွင် ဖော်ပြခဲ့သော “Myanmar’s Min Aung Hlaing sets the groundwork for a possible political exit” သုံးသပ်မှုကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်သည်။
သုံးသပ်မှုကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန် - https://eastasiaforum.org/2025/04/09/myanmars-min-aung-hlaing-sets-the-groundwork-for-a-possible-political-exit/
https://ispmyanmar.com/myanmars-min-aung-hlaing-sets-the-groundwork-for-a-possible-political-exit/


